အထူးကု ဆရာဝန်ကြီး တယောက်ရဲ့ အစိုးရတာဝန် ထမ်းဆောင်ခြင်း နောက်ဆုံးနေ့ တနေ့

၂၀၂၁ ဖေဖော်ဝါရီ ၁

ညက တော်တော်နဲ့ အိပ်မရ။ မနက်အိပ်ယာထ နည်းနည်းနောက်ကျတယ်။ နိုးနိုးချင်း ဝိုင်ဖိုင်ကိုဖွင့်ကြည့်တော့ မပွင့်ဘူး။ ဒါနဲ့ ဖုန်းဒေတာ ဖွင့်တယ်။ ဒါလည်းမပွင့်ဘူး။ တစ်ခုခုတော့ ထူးပြီလို့သိလိုက်ပြီး ချက်ချင်း တီဗီ MRTV လိုင်းဖွင့်တယ်။ no signal ဆိုတာပေါ်တယ်။ စိတ်က အတော်ပူနေပြီ။ MWD လိုင်းဖွင့်ကြည့်တယ်။ ပွင့်နေတယ်။ သွားပြီ လို့သိလိုက်တယ်။ အပေါ်ထပ်မှာ အိပ်နေတဲ့ သားကိုနှိုးလိုက်တယ်။ အဖေ့ကို ဖုန်းခေါ်စမ်းလို့ ပြောပြီး ဖုန်းခေါ်တော့ မရတော့ဘူး။ ပြည်သူ့အစိုးရ အခြေအနေမကောင်းတော့ဘူး လို့နားလည်လိုက်တယ်။

ထုံးစံအတိုင်း မနက်လမ်းလျှောက်ထွက်ဖို့ဟာ မထွက်ဖြစ်ဘူး။ အိမ်မှာပဲ မနက်စာစားရင်း မိန်းမ၊ သား တို့နဲ့ စကားပြောဖြစ်တယ်။ အကြံပက်စက်နေကြပြီလို့ မချိတင်ကဲ ပြောနေမိကြတာပါပဲ။ မဲပေးထားတဲ့ လက်သန်းက နောက်ဆုံးကျန်နေတဲ့ မင်စက်ကလေးကို ကြေကြေကွဲကွဲ ထိုင်ကြည့်နေမိပြန်တယ်။

လုပ်စရာရှိတာတော့ လုပ်နေရဦးမှာဆိုတော့ ရေချိုး။ ဘုရားခန်းဝင်။ နိစ္စပါတ်တွေ လုပ်တယ်။ စိတ်မပါ့တပါဖြစ်နေတာ။ မနက် ကိုးနာရီ တိတိမှာ တီဗီက MRTV လိုင်းမှာ MWD စာတမ်းကြီးနဲ့ သတင်းကြေငြာတဲ့သူပေါ်လာတယ်။ အထူးသတင်းဆိုပြီး ဖတ်ကြားတယ်။ ပုံ ယာယီသမ္မတ တဲ့။ တောက်တစ်ချက်တော့ ပြင်းပြင်းခေါက်လိုက်မိတယ်။

ယောင်္ကျား ဘာလုပ်မှာလည်းဆိုတော့ ခါတိုင်းလိုပဲ ဆေးခန်းမနက်ပိုင်းသွားထိုင်မယ်။ ပြီးရင်ဆေးရုံသွားမယ် လို့။ ဆေးရုံသွားမယ်ဆိုတာက ဒီနေ့ နှုတ်ထွက်စာ တင်ဖို့ပေါ့ လို့ တစ်ခါတည်း ရှင်းပြလိုက်တယ်။ သားအမိနှစ်ယောက်လုံးက မကန့်ကွက်ပါဘူး။ စိတ်ကို ဒုံးဒုံးချပြီး ဆေးခန်းဖက် ကားမောင်းထွက်လာခဲ့တယ်။ လမ်းမှာ ခါတိုင်းနေ့တွေလိုပါပဲ။

သတင်းထဲမှာဖတ်ပြသလို မတည်မငြိမ် ဘာမှမရှိဘူး။ ကိုယ့်စိတ်ကလည်း တည်ငြိမ်စ,ပြုလာပါတယ်။ ဒါဟာ မတရားမှု တစ်ခုပဲဆိုတာလည်း အင်မတန်သေသေချာချာကြီးကို လက်ခံလိုက်မိတယ်။ ဆေးခန်းမှာ လူနာတွေကို ခါတိုင်းလိုပဲ ကြည့်တာပါပဲ။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ယောက် လာပြတာနဲ့ သူ့ကိုတောင် သတင်းပြောပြလိုက်သေးတယ်။ စိတ်ပျက်လက်ပျက် ဖြစ်သွားရှာတာပေါ့။ ကြည့်ရမဲ့လူနာကုန်တော့ ဆေးရုံထွက်လာခဲ့တယ်။

ဆေးရုံသွားတဲ့လမ်းမှာ ဆက်သွယ်ရေးရုံးရှိတယ်။ အဲ့ဒီရုံးရှေ့က လမ်းကို ဖြတ်ခွင့်မပေးဘူး။ လက်နက်ကိုင် စစ်သားတွေစောင့်နေတယ်။ အစိုးရအဖွဲ့ဝင်တွေနေတဲ့ အိမ်ယာဝင်ပေါက်တွေမှာ လက်နက်ကိုင်စစ်သားတွေ နေရာယူထားကြတယ်။ လမ်းသွားလမ်းလာတွေကတော့ ပုံမှန်သွားလာနေကြတာပါပဲ။ တချို့က ဂရုတောင်စိုက်မိကြပုံမရပါဘူး။

နိုင်ငံတော် မတည်မငြိမ်ဖြစ်နိုင်တယ်လို့ မနက်က ကြေငြာထားတာကို အတော်နားမလည်ဖြစ်ရတယ်။ ဆေးရုံရောက်တော့ ၉း၄၀ နာရီ။ ခါတိုင်းထက် ၁၀-မိနစ်လောက် နောက်ကျသွားတယ်။ မြို့ထဲ ကားမောင်းပြီးလျှောက် အကဲခတ်နေမိလို့။ အရာအားလုံးဟာ တည်ငြိမ်လွန်းနေခဲ့ပါတယ်။

ဒီလိုနဲ့ ဆေးရုံမှာ ရောင်းလှည့်ဖို့ လက်ထောက်ဆရာဝန်တွေနဲ့ ဆရာမတွေက အသင့်ပေါ့။ ကိုယ့်အခန်းလေးကို တစ်စိမ့်စိမ့် တစ်မိနစ်လောက်ကြည့်နေမိတယ်။ နှစ်ပေါင်းများစွာ ရင်းနှီးခဲ့တဲ့ အခန်းမို့ မျက်စေ့ထဲ အလွယ်ပဲ စွဲသွားပါတယ်။ ဆေးရုံအဝတ်လဲ ပြီးအခန်းထဲက ထွက်လာခဲ့တယ်။ စောင့်နေကြတဲ့ ဆရာဝန်ဆရာမတွေကို ဒီနေ့ နောက်ဆုံးရောင်းလှည့်ခြင်းနဲ့ ရောင်းမယ်လို့ ပြောလိုက်တယ်။ ပြီးတော့မှ လျှောက်လွှာ စာရွက်လွတ်တစ်ရွက်တောင်းပြီး သူတို့ရှေ့မှာပဲ အလုပ်မှ နှုတ်ထွက်ပါကြောင်း စာရေး၊ လက်မှတ်ထိုး။ ကိုယ်ပိုင်တံဆိပ်တုံးထု။

အချိန်က နံနက် ၁၀ နာရီ။ ကျနော်နှုတ်ထွက်စာကို ရုပ်မြင်သံကြားကြေငြာပြီး တစ်နာရီအကြာမှာ လက်မှတ်ထိုးလိုက်တာပါပဲ ။

ပြီးမှ ရောင်းလှည့်ပါတယ်။ ဆေးရုံက လူနာဆောင်တွေဟာ ခါတိုင်းနေ့တွေလိုပါပဲ။ ကျနော့်စိတ်ကလည်း ခါတိုင်းနေ့တွေလိုပဲ ရောင်းနေမိတယ်။ ဒါဟာ ဝန်ထမ်းဘဝ ၊ အထူးကုဆရာဝန်ကြီးဘဝ နဲ့ အစိုးရဆေးရုံမှာ နောက်ဆုံးရောင်းလှည့်တာပဲ လို့ မတွေးမိအောင် ထိန်းနိုင်ခဲ့တယ်။ ဒီ့အတွက် ကိုယ့်ကိုကိုယ် အတော်ကြီးကျေနပ်မိပါရဲ့။

အခန်းထဲက ကျနော့်ပစ္စည်းလေးတချို့ထုပ်ပိုး။ မိတ်ဆွေ အထူးကုဆရာဝန်ကြီးကို နှုတ်ဆက်။ တာဝန်လွှဲ။ စစ္စတာ ၊ ဆရာမတချို့၊ ကျနော့်ကားထိ လိုက်ပို့ကြ။ လမ်းပေါ်ထွက်ကြည့်နေကြတဲ့ ဆရာမတွေ နဲ့ ဝန်ထမ်းတွေကို လက်ပြနှုတ်ဆက်။

ကျနော့်လက်သန်းလေးပေါ်က လက်ကျန်မင်လေးကို တစိမ့်စိမ့်ကြည့်ပြီး ကျေနပ်စွာ အိမ်ပြန်ခဲ့တဲ့ ကြေကွဲဖွယ်နေ့ ဆိုပါတော့။

Nay Win

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page