အလှူ လုပ်ရာမှာ အကျိုးမျှော်ကိုးပြီး မလုပ်ပါနဲ့ စေတနာအကျိုးပေးက သူ့အလိုလို ဖြစ်လာပါလိမ့်မယ်

အလှူ လုပ်ရာမှာ အကျိုးမျှော်ကိုးပြီး မလုပ်ပါနဲ့ စေတနာအကျိုးပေးက သူ့အလိုလို ဖြစ်လာပါလိမ့်မယ်

လူတစ်ယောက်ဟာ ဘုန်ကြီးကျောင်းဝင်းတံခါးဝကို ရောက်လာတယ်။ ရဟန်းတစ်ပါးက တံခါးကို လာဖွင့်ပေးတယ်။ အဲဒီလူက ရဟန်းကို သူ့လက်ထဲမှာ ကိုင်လာတဲ့ စပျစ်သီးတစ်ခိုင်ကို ကပ်ပြီး ခုလို ပြောလိုက်တယ်။

“ဒီစပျစ်သီးက တပည့်တော်ခြံမှာ စိုက်ထားတဲ့ အသီးတွေထဲက အလှဆုံး အကောင်းဆုံးပါ။အရှင်ဘုရားကို လက်ဆောင်ပေးတာပါ ဘုရား”

“အေးကွာ၊ တကာတော်ရဲ့ စပျစ်သီးတွေဟာ အရသာရှိပုံရတယ်။ ဘုန်းကြီး ဆရာတော်ကို ကပ်လိုက်မယ်”

“မဟုတ်ဘူး ဘုရား။ ဒီအသီးတွေဟာ အရှင်ဘုရားအတွက်ပါ။ တပည့်တော် ကျောင်းကို လာတိုင်း အရှင်ဘုရားပဲ တံခါးလာဖွင့်ပေးတယ်။ မနှစ်က ရေကြီးပြီး တပည့်တော် စိုက်ထားတဲ့ သီးနှံတွေ ပျက်စီးသွားလို့ တပည့်တော်မှာ စားစရာမရှိတုန်း အရှင်ဘုရားရဲ့ ဆွမ်းထဲက တပည့်တော်ကို ခွဲဝေကျွေးတယ်။ အဲဒီအတွက် ကျေးဇူးတင်လွန်းလို့ အရှင်ဘုရားကို ပေးတာပါ ဘုရား”

“ဒါဆိုလည်း ကောင်းပါပြီ။ ဘုန်းကြီးယူထားလိုက်မယ်”

ရဟန်းလည်း စပျစ်ခိုင်ကို သူ့အခန်းထဲက နံရံမှာ ချိတ်ဆွဲထားပြီး မစားရက်ဘဲ တစိမ့်စိမ့်ကြည့်နေတယ်။ ပြီးတော့ သူ့ကို စာသင်ပေးတဲ့ ဆရာတော်ကို စားစေချင်တယ်။ ဒါကြောင့် စပျစ်ခိုင်ကို ဆရာတော်ထံ ကပ်လိုက်တယ်။

ဆရာတော်လည်း ရဟန်းကပ်တဲ့ စပျစ်ခိုင်ကို ကြည့်ရင်း စားချင်စိတ်ပေါ်လာတယ်။ ဒါပေမဲ့ နေမကောင်းဖြစ်နေတဲ့ ကပ္ပိယကြီးကို သတိရပြီး သူအစားအသောက် ပျက်နေရှာတယ်။ သူ စပျစ်သီးစားရရင် ဝမ်းသာသွားမယ်လို့ စဉ်းစားပြီး ကပ္ပိယကြီး ကို စပျစ်ခိုင်စွန့်ကြဲလိုက်တယ်။

ကပ္ပိယကြီးလည်း အလွန်လှပပြီး အရသာရှိမယ့် စပျစ်သီးတွေကို စားခါနီးမှ တစ်ခုကို သတိရလိုက်တယ်။ ကျောင်းက ထမင်းချက်ဟာ သူ့အပေါ် အလွန်ကောင်းတယ်။ သူနေမကောင်းတုန်း စားစရလေးတွေကို ကြံဖန်ချက်ကျွေးရှာတယ်။ ဒါကြောင့် ဒီစပျစ်သီးကို သူစားပါစေဆိုပြီး စပျစ်ခိုင်ကို ထမင်းချက်ကို ပေးလိုက်ပြန်တယ်။

ထမင်းချက်လည်း စပျစ်သီးကို စားခါနီးမှ ကျောင်း မှာ အငယ်ဆုံးဖြစ်တဲ့ ကိုရင်လေးကို သတိရလိုက်တယ်။ သူဟာ ကိုရင်လေးကို အလွန်ချစ်တယ်။ ဒါကြောင့် စပျစ်ခိုင်ကို ကိုရင်လေးကို ကပ်လိုက်ပြန်တယ်။

ကိုရင်လေးဟာ အပြင်က ပြန်လာတိုင်း ကျောင်းတံခါးကို လာဖွင့်ပေးတဲ့ ရဟန်းကို သတိရလိုက်ပြန်တယ်။ ရဟန်းဟာ သူ့ကို ကျောင်းမှာ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်ဆိုပြီး အမြဲလမ်းညွှန်ဆုံးမတယ်။ ရဟန်းကို သူ အလွန်လေးစားတယ်။ ဒါကြောင့် စပျစ်သီးကို မစားဘဲ ရဟန်းကို ကပ်လိုက်တယ်။

ရဟန်းလည်း သူ ဆရာတော်ကို ကပ်လိုက်တဲ့ စပျစ်သီး သူ့ဆီပြန်ရောက်လာတာဟာ သူစားထိုက်လို့ပဲဆိုပြီး စပျစ်သီးတွေကို အားရပါးရ စားလိုက်တယ်။

ဒီအဖြစ်အပျက်လေးဟာ ဘာကိုပြလိုက်သလဲ။

ကျွန်တော်တို့ဟာ တစ်စုံတစ်ရာ အကျိုးမမျှော်ကိုးပဲ အလှူအတန်းပြုလိုက်ရင် လှူရတဲ့ အကျိုးဟာ မိမိဆီ မလွဲမသွေ ရောက်လာမယ်ဆိုတာပါ။

ဗန်းမော်သိန်းဖေ Bamaw Thein Pe
၀၇-၁၁-၂၀၁၉

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page