ပညာရှင်တွေရဲ့ ကိုဗစ် ခန့်မှန်းချက်အားလုံးကို တလွဲတချော် ဖြစ်စေခဲ့တဲ့ အာဖရိကတိုက်

ပညာရှင်တွေရဲ့ ကိုဗစ် ခန့်မှန်းချက်အားလုံးကို တလွဲတချော် ဖြစ်စေခဲ့တဲ့ အာဖရိကတိုက်

ကမ္ဘာကြီးထဲ မှာ ဆင်းရဲတာ အပြစ်၊ မဖွံ့ဖြိုးရင် ဒုက္ခ၊ ဆက်သွယ်ရေးညံ့ရင် အောက်ကျနောက်ကျ ခံကြရမှာပဲ ဆိုတဲ့ ပညာရှင်တွေရဲ့ လျော့တွက်တတ်တဲ့ အယူအဆကို ကိုဗစ်က ကဗျက်ကချော်လုပ်ပြခဲ့တယ်။ ဗြောင်းပြန်လှန်ပြ တယ်။ ပညာရှင်တွေကို ပညာပေးတယ် ။ ပြန်နားထောင်ကြည့် ။

ကိုဗစ် ပထမလှိုင်းအစ ဧပြီလ ထဲ အမေရိက နဲ့ ဥရောပ တိုင်းပြည်တွေအကျအဆုံးများ။ သူတို့ရဲ့ နိုင်ငံတံခါးတွေအကုန် ပိတ်၊ ကိုဗစ် ကို ဒူးထောက်ရင်း အလူးအလဲ ခုခံနေရတဲ့အချိန် ကုလသမဂ္ဂ အဖွဲ့ကြီးက အာဖရိကတိုက်ဖက် ကိုခပ်တည်တည် ကြိုသတိပေးခဲ့ တယ်။ ကိုဗစ်ကြီး ရောက်လာလိမ့်မယ်။ အနည်းဆုံး လူ သုံးသိန်း အများဆုံး သုံးဒဿမသုံးသန်းအထိ သေနိုင်ချေရှိတယ်။ ကြိုပြင်ဆင်ထားကြပါ တဲ့ ။

အီဂျစ်ကို ဖေဖဝါရီလမှာ ကိုဗစ် အစောဆုံးခြေချခဲ့ မတ်လ ၆ရက် မှာ တောင်အာဖရိကို ကိုဗစ်ရောက်ပြီ။ ဒါပေမယ့် အာဖရိကဟာ ထူးထူးခြားခြား မေလထဲ အထိ သေနှုန်းမတက် ။ ဒီတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အနည်းဆုံး ရှစ်သောင်းသုံးထောင်- အများဆုံး တသိန်းကိုးသောင်းလောက်သေနိုင်တယ်လို့ ပြင်ဆင် လျော့ပေါ့ခန့်မှန်းလာရ တယ် ။ အခု နိုဝင်ဘာရောက်တဲ့ အထိ အာဖရိကတတိုက်လုံး ရဲ့ သေနှုန်းက လေးသောင်းကျော်မှာပဲ ရှိနေတယ်။ ဘာဖြစ်လို့ လဲ ။

နိုင်ငံပေါင်း ၅၄နိုင်ငံ -လူဦးရေ သန်းတစ်ထောင်ကျော် အဆင်းရဲဆုံး ဒီဒေသကြီးထဲ မှာ အခုအချိန် အထိ ကိုဗစ် ကူးစက်မှု လူ တသန်းလေးသိန်းကျော် (၁,၄၃၉,၂၁၄) ဖြစ်ပေမယ့် သေဆုံး သူ လေးသောင်းကျော် သာ ( အီတလီတနိုင်စာမျှသာ ) ။ အမေရိကားက တိုက် နှစ်တိုက်ပေါင်းရင် သေသူ ငါးသိန်းရှစ်သောင်း ။ ဥရောပ တိုက်မှာသေသူ နှစ်သိန်းသုံးသောင်း၊ အာရှမှာ နှစ်သိန်း ငါးထောင်ကျော် ဖြစ်နေချိန် အာဖရိက တတိုက်လုံး သေသူ လေးသောင်းမျှ ။ ရောဂါကူးစက်နှုန်းနဲ့ သေနှုန်း အချိုးအစားကလဲ ကမ္ဘာ့ တခြားဒေသတွေနဲ့ ယှဥ်ရင် အချိုး အနည်းဆုံး ။

ဘာကြောင့်လဲ ။ ပညာရှင်တွေ ကိုဗစ် အထာ ကိုဗစ်မာယာကို ပြန် လေ့လာကြရတယ်။ အကြောင်းများစွာပေါ့ ။ အဓိက ကျတဲ့ အကြောင်းတချက်က အာဖရိကတိုက်မှာ လူဦးရေ ခြောက်ဆယ်ရာခိုင်နှုန်းကျော်ဟာ အသက် အစိတ်အောက်မှာပဲ ရှိနေတယ်။ ဒါ အရေးကြီးတယ်။ ကိုဗစ်က အသက်ငယ်သူတွေကို အပြီးအတိုင် တိုက်ခိုက်နိုင်စွမ်းမရှိဘူး။ သူက အသက်ကြီးသူတွေကိုသာ ပစ်မှတ်ထားတာ။ အာဖရိကမှာ အသက် ခြောက်ဆယ့်ငါးနှစ်ကျော်တာ လူဦးရေစုစုပေါင်း ရဲ့ သုံးရာခိုင်နှုန်းပဲ ရှိနေတယ်။ ဥရောပ အမေရိကမှာလို စုပေါင်းနေထိုင်တတ်ကြ တဲ့ ဘိုးဘွားရိပ်သာတွေ လူအိုရုံတွေ မရှိဘူး ။ ပင်စင်စားအရွယ်တွေက တောပြန်ပြီး ကျေးလက်မှာ ကျယ်ကျယ်လွှင့်လွှင့်နေတတ်ကြတယ်။ ဒီတော့ ဆိုရှယ်ဒစ်စတင်းဆင်း ရကြပြီးသား ။ ကိုဗစ် လက်လှမ်းမမှီဘူး ။

နောက်တချက်က အာဖရိက ဟာ ကူးစက်ရောဂါပေါင်းစုံကို အကြိမ်ကြိမ်ခံရတာများလို့ ကိုယ်ခံအား အထိုက်အလျောက်ရှိသလို အတွေ့အကြုံလဲ အပြည့်ရှိတယ်။ ကူးစက်ရောဂါကို မလေးမစားမလုပ်ကြဘူး။ အာဖရိက ၁၈ နိုင်ငံ မှာ လူထုကို စစ်တမ်းယူကြည့်တဲ့အခါ လက်ဆေးကြတယ်။ နှာခေါင်းစည်းဆို စည်းကြတယ်။ အိမ်မှာနေဆို နေကြတယ်။ လက်ဆွဲနှုတ်မဆက်ကြဘူး။ ဘုရားကျောင်း မသွားဘူး ။ လူစုလူဝေးမလုပ်ဘူး စျေးမဝယ်ဘူး။ လူထုပူးပေါင်းမှု ကောင်းတယ်။ အမေရိကန် နဲ့ ဥရောပက လူတွေလို ကဏ္ဍောကောစမတိုက်ကြဘူး။ အထွဋ်မတက်ဘူး။

တီဘီ ၊အိပ်ချ်အိုင်ဗွီ ၊အီဗိုလာ၊ ပိုလီယို ၊ ငှက်ဖျား စတဲ့ ကူးစက်ရောဂါပေါင်းစုံ အပြန်အလှန်နင်းချေတာကို အမြဲ ရင်ဆိုင်ခုခံ နေရတော့ ကျင့်သားရပြီးသား ကျန်းမာရေးလုပ်သားတွေက အဆင်သင့် ။ ရောဂါရှာတာ၊ ခြေရာခံတာ ခွဲထုတ်သီးခြားထားတာ ( Testing , Tracing , Isolation ) ဆိုတာတွေ က အဆန်းမဟုတ်တော့ဘူး ။

လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်။ ကိုဗစ်က လေယာဥ်ပျံစီးခရီးသွားရတာ ။ မှန်လုံ ကားကြီးတွေနဲ့ ခရီးသွား ရတာ ကို ကြိုက်တယ်။ အအေးခန်းကို ကြိုက်တယ်။ အာဖရိက မှာက ခရီးသွားရတာ ခက်ခဲကြန့်ကြာတော့ ကိုဗစ် ခရီးမတွင်ဘူး။ ရာသီဥတုက အာဖရိကသားတွေဖက်ကို ပါ တယ်။ ကိုဗစ်က အပူချိန်များ တာကို ကြောက်ပြီး စိုထိုင်းဆ မရှိ ရင် အသက်တိုတယ်။

အစိုးရတွေကလဲ အလျင်အမြန် တုံ့ပြန်ကြတယ်။ ပေါ့စတစ်တယောက်မှ မတွေ့ရခင် လော့ဒေါင်းချတဲ့တိုင်းပြည်လဲ ရှိတယ် ( ဥပမာ လီဆိုသို ) အာဖရိကမှာ ပျမ်းမျှချင်း လူတသိန်းအတွက် အိုင်စီယူ ကုတင်တလုံးပဲ ရှိတယ်။ အမေရိက မှာ လူတသိန်းအတွက် အိုင်စီယူ ကုတင် ၃၄.၇ လုံးရှိတယ်။ ဒါပေမယ့် သဘာဝတရားအထောက်အပံ့က အာဖရိကကို ဒီတခါ ချမ်းသာပေးခဲ့ ပါတယ်။

Khun Saing (ကိုဗစ်ဒိုင်ယာရီ ၈၂)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page