အကြောက်တရားဖြင့် အုပ်ချုပ်တဲ့ အာဏာရှင် ပူတင် ကြောက်နေသည့်အရာနှင့် နောက်ဆုံး လားရာလမ်း

ပူတင် ဘာကို ကြောက်နေသနည်း..?

မိမိတို့ ၏ လွတ်လပ်ခွင့်များ ရရှိရေး အတွက် လမ်းပေါ်ထွက် တောင်းဆိုနေသူများ ကို မြင်ရခြင်းလောက် အခြား မည်သည့်အရာမျှ စိတ်အား တက်ကြွလာအောင် မလှုံ့ဆော်နိုင်ခဲ့သလို အာဏာရှင်များ၏ စိတ်တွင် ၎င်းတို့ အား အာခံလာနေသူများ အပေါ် အခြား ဘယ်အရာနှင့်မျှ မတူအောင် ကြောက်ရွံ့တုန်လှုပ်ကြစမြဲ ဖြစ်သည်။

ဘဲလာရုစ်နိုင်ငံတွင် အာဏာရှင်တို့က ၎င်းတို့၏ မဲပြားများကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီး လိမ်လည်ခဲ့မှုကြောင့် သိန်း နှင့် ချီသော လူထုကြီးသည် စစ်ပုလိပ်တို့၏ နံပတ်တုတ်များ ကို မမှုဘဲ မကျေနပ်မှုများ ကို ထုတ်ဖေါ်လာနေကြပြီ ဖြစ်သည်။ ရုရှား နိုင်ငံတွင်းရှိ ခါဘာရော့စ် မြို့တွင်လည်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးပြီး မော်စကိုမှ တိုက်ရိုက် အုပ်ချုပ်လာမှုအား တွန်းလှန် ဆန့်ကျင်လာနေသည့် အရေး ကြောင့် ဗလာဒီမာ ပူတင် အဖို့ တုန်လှုပ်လာခဲ့ရပြီ ဖြစ်သည်။ ထို့ကြောင့်လည်း ပူတင်၏ အဓိက ပြိုင်ဖက် ဖြစ်သူ လူထု၏ ထောက်ခံမှုကို ကျယ်ကျယ်ပြန့်ပြန့်ရရှိထားသော အယ်လက်ဆီ နာဗာလင် သည် ဘာလင် ဆေးရုံ ပေါ်ရှိ ကုတင်တလုံး ပေါ်တွင် လဲလျှောင်းနေခဲ့ရပြီ ဖြစ်သည်။

အာဏာရှင် ဆိုသူများက အကြောက်တရား ဖြင့်သာ အုပ်ချုပ်တတ်ကြသူများ ဖြစ်ပြီး ၎င်းတို့ကိုယ်နှိုက်ကလည်း ထိုအကြောက်တရား ဖြင့် ရှင်သန်နေထိုင် နေကြရသူများ ဖြစ်သည်။ အာဏာရှင်တိုင်း၏ အိမ်မက်ဆိုးကြီးက တနေ့နေ့ တချိန်ချိန်တွင် ပြည်သူများက သူတို့ ကျူးလွန်ခဲ့ကြသည့် လိမ်ညာလှည့်ဖျားမှုများ၊ ခိုးဝှက်ယူငင် နေကြမှုများ နှင့် ရက်စက်ကြမ်းကြုပ်မှုများကို သည်းမခံနိုင် ဖြစ်လာကြမည့် အရေးပင် ဖြစ်ပေသည်။ ၎င်းတို့၏ အုပ်ချုပ်ရေး သက်ဆိုးရှည်ရန် ဝါဒဖြန့်မှုများ၊ ဖိနှိပ်မှုများ နှင့် တပည့်မွေး ပေးကမ်းစွန့်ကြဲခြင်းများ အမြဲလို ပြုလုပ်ကြလေ့လည်း ရှိသည်။

ယခုအခါ ပူတင် အဖို့ ဉာဏ်နီဉာဏ်နက်များ ကုန်ဆုံးနေသယောင် ရှိနေပြီး သူ၏ မဟာမိတ် ဖြစ်သူ မင့်စ် ရှိ အလက်ဇန်ဒါး လူကာရှင်ကို သည်လည်း လမ်းဆုံးသို့ ရောက်နေပုံရသည်။ ထို့အတွက်ကြောင့်ပင် သူတို့နှစ်ဦးစလုံး ဆေးထိုးအပ် နှင့် နံပတ်တုတ်များ ထုတ်နှုတ် အသုံးပြုလာခဲ့ကြရခြင်းပင် ဖြစ်သည်။

ယခုအခါ ဆန္ဒပြမှုများ အရှိန်ရလာသည်နှင့် အမျှ ၎င်းတို့ နှစ်ဦး၏ စိတ်တွင် အကြမ်းဖက်နည်းလမ်းများဖြင့် ကယ်တင်၍ ရနိုင်ပါဦးမည်လောဟု တွေးတောနေကြပြီလည်း ဖြစ်သည်။

ပူတင်သည် ရေနံမှ ရသော ဝင်ငွေများဖြင့် သူ၏ မာဖီယား အင်ပါယာ ကြီးကို ထူထောင်ခဲ့သူ ဖြစ်ပြီး နိုင်ငံသားများအားလည်း လုပ်ခနှုန်းထားများ တိုးမြှင့်ပေးခြင်းဖြင့် လူနေမှု အဆင့်အတန်း မြင့်မားလာအောင် လုပ်ပေးနိုင်ခဲ့သူ ဖြစ်သည်။ လူကာရှင်ကို ကတော့ ယနေ့အချိန်တွင် ခေတ်မရှိတော့သော အာဏာရှင်စနစ်ကို ဆက်လက် ဖက်တွယ်ထားခဲ့ပေသည်။

၎င်းတို့၏ ပြယုဒ်များကို သိမ်းသွင်းထား၍ ယဉ်ပါးနေပြီ ဖြစ်သော မီဒီယာများမှတဆင့် အမြဲလို ထုတ်ဖေါ်လေ့ ရှိသည်။ လူကာရှင်ကိုသည် ပြီးခဲ့သည့် အပတ်အတွင်း အေကေ-၄၇ မောင်းပြန် ရိုင်ဖယ် သေနတ်ကို ကိုင်ကာ ၎င်းအား ဖြုတ်ချရန် အနောက်အုပ်စု၏ ကြိုးပမ်းလာမှုများကို နှိမ်နှင်းရန်ဟု ဆိုကာ ရဟတ်ယာဉ်တစီးရှေ့တွင် ဓါတ်ပုံ အရိုက်ခံခဲ့သည့် အထိပင် ဖြစ်သည်။

၎င်းတို့ အစိုးရ နှစ်ဖွဲ့စလုံးသည် အပြောင်းအလဲများ လုပ်နေပါသည်ဟုသာ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်တွင် ပြသလေ့ရှိပြီး တကယ်တမ်း လုပ်ရဖို့ အရေးကို မူ ဆန့်ကျင်နေကြသူများ ဖြစ်သည်။

စီးပွားရေး တွင် ဘဲလာရုစ် နိုင်ငံသည် ယခင် ဆိုဗီယက် ၏ ကျောက်ဖြစ် ရုပ်ကြွင်း ပြတိုက်ကြီးပမာ ရှိနေခဲ့သည်။ လူကာရှင်ကို သည် အလုပ်သမား လူတန်းစားများ၏ ထောက်ခံမှု ရရှိနေကြောင်း ပြသသည့် အနေဖြင့် လီနင် ကဲ့သို့ပင် အစိုးရပိုင် လယ်ထွန်စက် ထုတ်လုပ်သည့် စက်ရုံသို့ ရောက်သွားတတ်ပြန်သည်။ နိုင်ငံ၏ အဓိက ပို့ကုန်များသည်လည်း ရုရှားမှ လျော့ဈေးဖြင့် ရောင်းပေးသည့် ရေနံများကို သန့်စင်ပြီး ရေနံထွက် ပစ္စည်းများ နှင့် ပြာများမှ ထုတ်လုပ်သည့် ပိုတက်စီယံ ဓါတ် ပါဝင်သော ဆားခဲများ သာ ဖြစ်သည်။

ရုရှား စီးပွားရေးသည် ဘဲလာရုစ် ကဲ့သို့ မဟုတ်ပဲ ပို၍ ပွင့်လင်းပြီး ထုနှင့်ထယ်နှင့် ဖွဲ့စည်းထားခြင်းမျိုး တော့ မဟုတ်ပေ။ သို့သော် တိုင်းပြည်၏ အဓိက စီးပွားရေး နှင့် စက်မှု လုပ်ငန်းကြီးများကို ကရင်မလင်၏ ယုံကြည်အားထား ရသည့် လက်တဆုပ်စာမျှသာ ရှိသော အရင်းရှင်ကြီးများ၏ လက်တွင် ဝကွက် အပ်နှံထားခဲ့သည်။ ဤသို့ဖြင့် ရုရှား ၏ စီးပွားရေး နယ်ပယ်များတွင် ယှဉ်ပြိုင်မှု လည်း မရှိ လှုပ်ရှား တက်ကြွမှု လည်း မရှိပေ။ အပြောင်းအလဲ တခုခု သွတ်သွင်းလာပါက လက်ရှိ အရင်းရှင်ကြီးများ နှင့် ဆက်ဆံရေး ထိခိုက်သွားနိုင်သည်ကို စိုးရွံ့ခဲ့ကြသည်။

ပူတင်သည် ယခု အချိန်အထိ တိုင်းပြည်၏စီးပွားရေး ကို ရေနံအား အမှီပြုနေရခြင်း မှ ရုန်းထွက်ရန် ပျက်ကွက်ခဲ့သဖြင့်လည်း မကြာမီ က ရေနံဈေး ကျဆင်းလာမှု နှင့် ကိုဗစ်-၁၉ ကြောင့် ရုရှား စီးပွားရေးသည် ဒယီးဒယိုင် ဖြစ်လာနေခဲ့ပြီ လည်း ဖြစ်သည်။ ဝင်ငွေကျဆင်းလာပြီး အသုံးစရိတ် ချွေတာလာရသည့် အခါတွင်တော့ နိုင်ငံသားများအား အမျိုးသားရေး ဝါဒ နှင့် အတိတ်ကို တမ်းတမှုများသာ တွင်တွင်ကြီး ပြောလာရပေတော့သည်။

သို့သော်လည်း ပူတင်၏ ဆေးကား အစွမ်းထက် မလာတော့ပေ။ နှစ်ပေါင်း နှစ်ဆယ်လုံးလုံး မစ္စတာ ပူတင်သည် ဆိုဗီယက် နှင့် ဇာဘုရင် အင်ပိုင်ယာကြီး၏ ကြီးကျယ်ခမ်းနားခဲ့ပုံများကို ပြန်လည် သွတ်သွင်းကာ အမြဲလို ပြောနေခဲ့ပြီး ယခုအခါ သတင်းအမှားများကို ဦးဆောင် ဖြန့်ချီလာခဲ့သည်၊ “ဘယ်အရာမှ အမှန်ဟု ပြော၍မရ အားလုံး ဖြစ်နိုင်သည်” ဆိုသော မီဒီယာ အနေအထားကို ဖန်တီးလာခဲ့သည်။ အင်တာနက်မှ တဆင့် လူထု၏ နိုင်ငံရေး အယူအဆ နှင့် ဆုံးဖြတ်ချက်များ ကို လှည့်စားနိုင်မည့် Troll Factory ခေါ် ကီးဘုတ် စစ်သည်များကို ဖွဲ့စည်း တည်ထောင်လာခဲ့သည်။

အတိုက်အခံ ဖြစ်သူ နာဗာလင်ကလည်း အစိုးရ၏ အကျင့်ပျက် ခြစားမှုများကို ရေဆုံးမြေဆုံး တူးဖေါ်ကာ Youtube မှတဆင့် ထုတ်လွှင့်ကာ တုံ့ပြန်လာခဲ့သည်။

ပူတင် နှင့် လူကာရှင်ကို တို့ နှစ်ဦးစလုံး စီးပွားရေး နှင့် လူနေမှု ဘဝများကို ပြုပြင် ပြောင်းလဲရန် ပျက်ကွက်ခဲ့ကြသည့်နည်းတူ အစိုးရပုံစံကိုလည်း အသွင်သစ် ဖန်တီးရန် ပြုလုပ်ခဲ့ကြခြင်း မရှိပြန်ပေ။ ထိုသို့ မဖန်တီးနိုင်ခဲ့ကြခြင်းမှာလည်း လက်ခံနိုင်ဖွယ် ရှိလောက်သည့် ၎င်းတို့၏နေရာကို ဆက်ခံသူများအား ထုတ်မပြ နိုင်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ လူကာရှင်ကိုသည် မကြာမီ လေးတင်မှ သူ၏ ဆယ့်ငါးနှစ် အရွယ် သားဖြစ်သူကို တိုက်ပွဲဝင် စစ်ဝတ်စုံ ဝတ်ပေးကာ ပွဲထုတ်လာခဲ့သည်။

ပူတင်ကတော့ သူ အလိုလိုက် အကြိုက်ဆောင်ထားရသည့် ဂိုဏ်းဂဏ များ အတွင်း စိတ်ဝမ်းကွဲလာမည့် အရေးကြောင့် သူ့နေရာ ဆက်ခံမည့် လူကို အလွယ်တကူ ချမပြနိုင် ဖြစ်နေရသည်။ ထို့အတွက် သူ့ကိုယ်သူ အသက် ၈၄ နှစ် အရွယ် ဖြစ်လာမည့် ၂၀၃၆ နှစ်အထိ အုပ်ချုပ်သွားနိုင်ရန် ဖွဲ့စည်းပုံကိုသာ ပြောင်းလဲ ပြစ်သည့် နည်းကိုသာ ကျင့်သုံးခဲ့ခြင်းပင် ဖြစ်သည်။

နာဗာလင်ကမူ စက်တင်ဘာ ၁၃ တွင် ကျင်းပရန် ရှိနေသည့် ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် အတိုက်အခံမဲများရရန် မနေမနား စည်းရုံးဆော်ဩလျှက် ရှိနေခဲ့သည်။ ထို့အတွက် ပူတင်သည် ဘဲလာရုစ် ကဲ့သို့ လူထုအုံကြွမှု ကြီး ဖြစ်လာက ၎င်းအား ခေါင်းဆောင်အဖြစ် အားကိုးလာကြမည့် အရေးကို ကြိုတင် တွက်ဆမိသဖြင့် ဖယ်ထုတ်ပြစ်ရန် ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်ပုံရသည်။

မည်သို့မည်ပုံ ဖယ်ရှားရမည် ဆိုသည်ကို အကြံအိုက်လာသဖြင့် ပူတင်သည် ၎င်းလုပ်နေကျ အဆိပ်ခပ်သည့် နည်းကိုသာ ထုတ်သုံးခဲ့ရခြင်း ဖြစ်သည်။

အာဏာရှင် ဖြစ်သူ လူကာရှင်ကို သည်လည်း အကြံကုန် ဂဠုန်ဆားချက် ဟူသော အာဏာရှင်တို့ ထုံးစံအတိုင်း အကြမ်းဖက်နည်းဖြင် ဆန္ဒပြသူများကို ဖြိုခွင်းရန် ကြိုးစားခဲ့သည်။ ဆန္ဒပြသူများ အား ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း များ လုပ်ခဲ့သော်လည်း သူမျှော်လင့်သလို လူထု အကြား အကြောက်တရားများ ဖြစ်မလာပဲ ပို၍ပင် ရဲတင်း လာခဲ့ကြသည်။ ထို့ကြောင့် တဆင့်တိုးကာ လူအုပ်ကြီးအား သတ်ဖြတ် နှိမ်နှင်းသည်အထိ ကြံစည်ချင်သော်လည်း စစ်တပ်၏ သစ္စာခံမှုကို စိတ်ချယုံကြည်၍ မရ ဖြစ်နေပြန်သည်။

ပူတင်ကတော့ သူ၏ အတွေ့အကြုံအရ ဆန္ဒပြသူများကို အကြမ်းဖက်ပါက ပိုဆိုးလာနိုင်မှန်း သိသဖြင့် ကာဘာရော့စ် တွင် ဒီအတိုင်း ပြစ်ထားပြီး တဖြေးဖြေး နှင့် စိတ်ဝင်စားမှု လျော့ပါးကာ လူစုကွဲလာလိမ့်မည်ဟု မျှော်လင့်နေပေသည်။ သို့သော် သူထင်သလို ဖြစ်မလာပဲ အရှေ့ဖျားမှတဆင့် ပျံ့နှံ့လာမည်ဆိုလျှင် လူကာရှင်ကို ကဲ့သို့ပင် တွက်ချက်လာရမည် ဖြစ်သည်။

အခြား နိုင်ငံများက ရုရှား အရေး အတွက် ဘာတွေ လုပ်ပေးနိုင်သနည်း။ အဖြေသည်ကား လူ့အခွင့်အရေး၏ အခြေခံ မူများကို ကာကွယ်ပေးခြင်း နှင့် စတင်နိုင်ပေသည်။ ဂျာမဏီသည် မစ္စတာ နာဗာလင်အား နိုင်ငံရေး ခိုလှုံခွင့် ပေးရန် ကမ်းလှမ်းခဲ့သည်။ ဂျာမန် ဆရာဝန်များက နာဗာလင် ၏ အခြေအနေကို ရှင်းပြနိုင်ကြပြီး ရုရှား ပြည်သူများ လက်ခံယုံကြည်လာကြမည်လည်း ဖြစ်သည်။ အီးယူ နှင့် အမေရိကန် တို့မှ လူကာရှင်ကို လိမ်လည်ခဲ့သော ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့ကြပြီးလည်း ဖြစ်သည်။ ထို့အတွက်လည်း မင့်စ် နှင့် မော်စကိုရှိ ဝါဒဖြန့်ချီရေး ယန္တယားများက အနောက်အုပ်စု၏ လျို့ဝှက် လုပ်ကြံမှုဟု ပြောဆိုလာခဲ့ကြသည်။ သို့သော် လမ်းများပေါ်ရှိ လူထု က ၎င်းတို့၏ စကားများကို အယုံအကြည် မရှိကြတော့ပေ။ ရုရှားအားလည်း ဘဲလာရုစ် တွင် အင်အားသုံး ဖြိုခွဲပါက ပြင်းထန်သည့် စီးပွားရေး ဒဏ်ခတ်မှု များနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သတိပေးသင့်သည်။ ၎င်းတို့တွင် ကိုယ်ကျင့်သိက္ခာပိုင်းအရ၊ တရားဥပဒေကြောင်းအရ၊ သံတမန်ကျင့်ဝတ်ကြောင်းများ အရ၊ လိုက်နာရမည်ဆိုသည်ကို နားလည်ကြသူများ မဟုတ်သဖြင့် မိမိတို့ အာဏာတည်မြဲရေး အတွက် လမ်းများပေါ်တွင် သွေးထွက်သံယို ဖြစ်အောင် လုပ်လာပါက အကျိုးဆက်များ နှင့် ရင်ဆိုင်ရမည် ဆိုသည်ကို သိအောင် လုပ်ထားသင့်သည်။

ယခုအခါတွင် ၎င်းတို့၏အကြောက်ဆုံးစကား ဖြစ်သည့် “စိတ်ကုန်လာပြီ” ဆိုသည်ကို ဆန္ဒပြသူများက ပြောဆိုလျှက် ရှိနေကြပြီ ဖြစ်သည်။ (လှစိုးဝေ)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page