ဆေးရုံများတွင် နေရာမရှိတော့သောကြောင့် ပိုးတွေ့လူနာကို (၃) ရက်ကြာသည်အထိ လာမခေါ်နိုင်သေး

ဆေးရုံများတွင် နေရာမရှိတော့သောကြောင့် ပိုးတွေ့လူနာကို (၃) ရက်ကြာသည်အထိ လာမခေါ်နိုင်သေး

မင်္ဂလာတောင်ညွန့်မြို့နယ်(၁၂၅)လမ်းက ကိုဗစ်ပိုးတွေ့လူနာကို ပိုးတွေ့ပြီး(၃) ရက်ကြာတဲ့အထိ လာရောက်ခေါ်ဆောင်တာမရှိသေးဘူးလို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဆီက သိရပါတယ်။ သူဟာ နိုင်ငံခြားထွက်ဖို့အတွက် ပြီးခဲ့ရက်တွေတုန်းက အမျိုးသားဓာတ်ခွဲခန်း(NHL)မှာ သွားရောက် စစ်ဆေးခဲ့ပြီး တာလို့ သိရပါတယ်။

“အမှတ်စဉ်ထွက်တာတော့မရှိသေးပါဘူး။ ကျန်းမာရေးကိုတော့ ကျွန်တော်တို့အကြောင်းကြားထားပါတယ်။ သူနေတဲ့တိုက်က လူတွေကတော့ အခုချိန်မှာ တော်တော်လေးထိတ်လန့်နေတာတွေရှိနေပါတယ်။”လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးက ပြောပါတယ်။

အဲဒီပိုးတွေ့လူနာဟာ တစ်ယောက်ထဲနေတဲ့သူဖြစ်တာကြောင့် သူ့ရဲ့စားသောက်ရေးနဲ့လိုအပ်တာတွေအတွက် အထိအတွေ့မရှိဘဲပေးပို့နိုင်ဖို့ ပရဟိတအဖွဲ့တစ်ခုကလုပ်ဆောင်ပေးနေပြီး အဲဒီတိုက်ကလူတွေကိုလည်း အပြင်ထွက်ခွင့်မပေးထားဘူးလို့ သူကပြောပါသေးတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဥမ္မာမြင့်ကတော့ “ရန်ကုန်တိုင်းထဲမှာ သူတို့အဲလိုမျိုး Facility Quarantine တွေမှာကောလေ အဲလို Positive တွေ့သူတွေကို ခေါ်ဖို့နေရာသူတို့ ပြင်နေပါတယ်။ ဆေးရုံကျတော့လည်း လက္ခဏာရှိမှခေါ်နိုင်မှာပေါ့နော်။ Over Load ဖြစ်နေလို့လေ၊ လာခေါ်ဖို့တော့ သူတို့စီစဉ်နေပါတယ်။”လို့ ဖြေကြားခဲ့ပါတယ်။

အဲဒီ(၁၂၅)လမ်းဟာ သပြေကုန်းရပ်ကွက်ထဲပါဝင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်ကတော့ အဲဒီပိုးတွေတဲ့ သူဟာ အခုအချိန်မှာ ရောဂါလက္ခဏာမပြသလို ကျန်းမာရေးလည်းကောင်းမွန်နေတယ်လို့ ပြောပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ(၄၁)ယောက်ရှိနေပြီး (၄)ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်ကပ်ရောဂါပိုးဟာ အသက်ရူထုတ်ရုံနဲ့ အကွာအဝေး(၅)ပေဝန်းကျင်၊ ချောင်းဆိုးတာကနေ(၆)ပေခွဲ ကျော်နဲ့ နှာချေတာကနေ(၁၉)ပေခွဲကျော်ထိ ရောက်နိုင်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ကိုဗစ်အတည်ပြုလူနာ (၃၀၁၅)ယောက်ရှိနေပြီး အဲဒီထဲမှာ ပြန်ကောင်းမွန်သူ (၆၉၉) ယောက်နဲ့ သေဆုံးသူ(၂၆)ယောက်အထိရှိနေပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page