လူတသန်းမှာ တယောက်ပဲ မွေးလေ့ရှိတဲ့ ဦးခေါင်းနှစ်လုံးနဲ့ ကလေး (နေပြည်တော် နောက်ဆက်တွဲသတင်း)

လူတသန်းမှာ တယောက်ပဲ မွေးလေ့ရှိတဲ့ ဦးခေါင်းနှစ်လုံးနဲ့ ကလေး (နေပြည်တော် နောက်ဆက်တွဲသတင်း)

နေပြည်တော် တပ်ကုန်းမြို့နယ် ကုတင် (၁၀၀) ဆေးရုံမှာ စက်တင်ဘာလ (၁၆) ရက် ညပိုင်းက မွေးဖွားခဲတဲ့ ဦးခေါင်းနှစ်လုံးနဲ့ကလေးဟာ လက်ရှိ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီကလေးငယ်ဟာ ယောင်္ကျားလေးဖြစ်ပြီး တပ်ကုန်းမြို့နယ် ကျေးရွာတစ်ရွာက အသက် (၂၉) အရွယ် မိခင်ဖြစ်သူက မွေးဖွားခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဦးခေါင်းနှစ်လုံးပါတဲ့ ကလေးငယ်ကို ခွဲစိတ်မွေးခဲ့တာ ဖြစ်ပြီး ညတွင်းချင်း တပ်ကုန်း ကုတင် (၁၀၀) ပြည်သူ့ဆေးရုံကနေ နေပြည်တော် ဥတ္တရသီရိ ခုတင် (၅၀၀) ကလေးအထူးကုဆေးရုံ ကို ပို့ထားပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ အဲဒီ ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေမှာ လတ်တလောအချိန်ထိတော့ ကောင်းမွန်နေပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ဥတ္တရသီရိ ကုတင် (၅၀၀) ကလေးရောဂါအထူးကုဆေးရုံအုပ်ကြီး ဒေါက်တာနန်းရူပဟန်က ပြောပါတယ်။

ကလေးငယ်ရဲ့ မိခင်ဟာ ဥတ္တရသီရိသားဖွားမီးယပ် အထူးကုဆေးရုံမှာကိုယ်ဝန်ပြထားသူ ဖြစ်ပြီး စက်တင်ဘာလ (၁၆)ရက် ညပိုင်းမှာ တပ်ကုန်းကုတင် (၁၀၀)ဆေးရုံကို ရောက်ရှိလာပြီး ကလေးမွေးဖွားနိုင်တဲ့ အခြေအနေဖြစ်နေတာကြောင့် ဆေးရုံရဲ့လက်ထောက်ဆရာဝန် သားဖွားမီးယပ်အထူးကု ဒေါက်တာ မင်းထက်မောင်မောင် က အရေးပေါ် မွေးဖွားပေးခဲ့ ရတာဖြစ်ပါတယ် ။ မွေးဖွားချိန်မှာ ကိုယ်ဝန် (၈)လကျော်သာရှိပြီး ကိုယ်ဝန်ဆောင်ချိန်ကာလက အာထွာဆောင်းရိုက်ခဲ့ပေမယ့် ချို့ယွင်းချက်ပါတာကို မတွေ့ခဲ့ရဘူးလို့ တပ်ကုန်း ကုတင် (၁၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းထွန်းက ပြောပါတယ်။

“ အရင်ရိုက်ထားတဲ့ အာထွာဆောင်းမှာတော့ ချို့ယွင်းချက်တွေ မတွေ့ရဘူး။ အချင်းတွေလည်း ပုံမှန်ပါပဲ။ လရင့် တဲ့ အချိန်မှာတော့ ရိုက်မထားဘူး။ အဲဒါ နေလယ်ပိုင်းလောက် ဗိုက်နာလာတယ် ညပိုင်းကြတော့ ဆေးရုံကို ရောက်လာတယ်။ ဒီရောက်တော့ စမ်းသပ်ကြည့်တော့ ကိုယ်ဝန်ကလည်း လမစေ့ဘူး၊ မွေးကလည်း မွေးနိုင်တယ်၊ တင်ပဆုံပိုင်းလည်း ဖြစ်တယ်ဆိုတော့ အရေးပေါ် ခွဲစိတ်မွေးခဲ့ရတာပါ” လို့ ဒေါက်တာထွန်းထွန်းက ပြောပါတယ်။

ကလေးငယ်ကို ပုံမှန်ကလေးတစ်ယောက်အနေနဲ့ ခွဲစိတ်မွေးဖွားပေးခဲ့တာဖြစ်ပြီး ခွဲစိတ်ပြီး ဦးခေါင်းထွက်လာရာမှသာ ဦးခေါင်းနှစ်လုံး ဖြစ်နေသည်ကို သိရှိရတာ ဖြစ်တယ်လို့ ပြောပါတယ်။ ကိုယ်ဝန်ဟာ အနေအထားမမှန်တာကြောင် ဂရုစိုက်ခွဲစိတ်ပေးခဲ့ရတယ်လို့ သားဖွားမီးယပ်အထူးကု ဒေါက်တာ မင်းထက်မောင်မောင်က ပြောပါတယ်။

“လူနာ ကိုယ်ဝန်က တင်ပဆုံ ပိုင်းဖြစ်နေလို့ အနေအထားက မမှန်ဘူး။ သားအိမ်ကလည်း ပွင့်နေတော့ အရေးပေါ်ခွဲမွေးလိုက်ရတာပါ။ ခေါင်း နှစ်လုံး ဖြစ်နေတော့ တစ်တော့ တစ်နေတာပေါ့ ။ ကလေးထွက်သွားတော့ ဘာမှတော့ အခက်အခဲမရှိပါဘူး။ နောက် ကလေးကိုလည်း အသက်ရှုအောင် မေ့ဆေးဆရာဝန်ကြီးတွေနဲ့ ဝိုင်းလုပ်ရတာပါပဲ။ ညတွင်းချင်း ကုတင် (၅၀၀) ကိုလွဲပေးလိုက် တာပါ” လို့ ဒေါက်တာ မင်းထက်မောင်မောင်က ပြောပါတယ်။

နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ကလည်း ရင်ချင်းဆက်အမွှာတစ်ဦး မွေးဖွားခဲ့ပေမယ့် ကလေးငယ် အသက်ဆုံးခဲ့တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page