ကိုဗစ် ရှိ/မရှိ မိနစ် ၂၀အတွင်း သိရမည့် အမြန်စစ်ကိရိယာများ ၁၀၀% မမှန်နိုင်ဟုဆို
ကိုဗစ် ရှိ/မရှိ မိနစ် ၂၀အတွင်း သိရမည့် အမြန်စစ်ကိရိယာများ ၁၀၀% မမှန်နိုင်ဟုဆို
ကိုဗစ်ရှိမရှိ မိနစ် ၂၀ အတွင်း အဖြေသိနိုင်မည့် Antigen test kit များဖြင့် ရန်ကုန်၌ မနက်ဖြန် စတင် စစ်ဆေးမည်
မိနစ် ၂၀အတွင်း ကိုဗစ်ရှိမရှိ မြန်မြန်ဆန်ဆန် အဖြေသိနိုင်မည့် Antigen test kit များဖြင့် စက်တင်ဘာ ၂၉ရက်မှစတင်၍ ရန်ကုန်၌ စစ်ဆေးမှု စတင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၂၈ ရက်နေ့က ပြောပါတယ်။
“Antigen test kit တွေက မနေ့ညက စရောက်ပြီဆိုတော့ ဒီနေ့တောင် training ပေးတဲ့ရက်ပါ။ မနက်ဖြန်ကစပြီး တချို့နေရာတွေ စ စစ်တော့မယ်”ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းမာရေးနှင့်အသိပညာမြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။
WHOက အသိအမှတ်ပြုထားသည့် covid-19 ရှိမရှိ အမြန်သိရှိနိုင်မည့် Antigen test kit များကို ကိုရီးယားကုမ္ပဏီမှ တစ်ဆင့် အခုရေ ၂၀၀၀၀၀ မှာယူထားပြီး အခုရေ ၁၀၀၀၀၀ ခန့်မှာ စက်တင်ဘာ ၂၇ရက် ညပိုင်းက စတင်ရောက်ရှိလာပြီဖြစ်ပြီး ကျန်ရှိသည်များမှာ စက်တင်ဘာလကုန်တွင် ရောက်ရှိမည်ဖြစ်ပါတယ်။
“အဓိက ကတော့ PUIတွေမှာ ဆေးရုံတွေမှာ ဒီရောဂါလက္ခဏာနဲ့ ရောက်လာတဲ့လူတွေ ဒီလူတွေကို ဦးစားပေးပြီးစစ်သွားမယ်။ ဒုတိယ ဦးစားပေးစစ်မယ့် အုပ်စုကတော့ Primary contact အဓိက ထိတွေ့မှုရှိတဲ့သူတွေပါ။ “ဟု ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။
အဆိုပါ Antigen test kit များဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အဆင့်ဆေးရုံများ၌ စစ်ဆေးပေးသွားမည်ဖြစ်ဖြစ်ပြီး နှာခေါင်းတို့ဖတ်ကို ယူ၍ စစ်ဆေးမည်ဖြစ်ကာ covid-19 ရှိမရှိကို မိနစ် ၂၀ သို့မဟုတ် မိနစ် ၃၀အတွင်း အဖြေရလဒ်များ သိရှိနိုင်တော့မှာ ဖြစ်ပါတယ်။
“ဒီလိုမျိုး စစ်ဆေးနိုင်တာတွေလည်း ပေါ်လာပြီဆိုတော့ အိမ်မှာပဲ ရုတ်တရက်ဖျားခြင်း ချောင်းဆိုးခြင်း အနံ့အရသာပျောက်ခြင်း ဒီလို လက္ခဏာတွေ ပေါ်လာမယ် အသက်ရှူရခက်ခဲတာတို့ ပြီးတော့ ဒီလိုရောဂါရှိတဲ့သူနဲ့ ထိတွေ့ခဲ့တာ ဒါမျိုးတွေဆိုရင် အိမ်မှာ ကြိတ်ပြီး မကုဖို့ ဒါက စောစောပြော စောစောသိ စောစော အကျိုးရှိဆိုသလိုမျိုး စောစောစီးစီးလာပြီးတော့ စစ်ဆေးမယ် ကုသမှု ခံယူမယ်။ ခွဲ ခြားပြိးနေထိုင်မယ် ကိုယ်ကနေပြီးတော့ မိမိအိမ်မှာ ရှိတဲ့မိသားစုကို ကူးတာလည်း နည်းသွားမယ်”ဟု ဒေါက်တာသန်းနိုင်စိုးက ပြောကြားပါတယ်။
Antigen test kit များသည် covid-19 ရှိကြောင်း ၉၅ ရာခိုင်နှုန်းအထိ မှန်ကန်စွာ အဖြေထုတ်နိုင်ပြီး ရောဂါပိုးမရှိကြောင်း ၉၈ ရာခိုင်နှုန်းအထိ မှန်ကန်မှုရှိကြောင်း ၎င်းကရှင်းပြသည်။
“ဒီ test နဲ့ပတ်သတ်ပြီး အသိပေးချင်တာက negative ဖြစ်သွားတဲ့ဟာ negative ဖြစ်သွားတဲ့သူတွေ အများကြီးပေါ်လာမယ် negative ဖြစ်ခြင်းသည် စစ်တဲ့အချိန်မှာပဲ negative ပေါ်လာမှာဖြစ်တယ်။ တချို့ကြတော့လည်း ကိုယ် က negative ဖြစ်သွားပြီဟေ့ အပြင်သွားလို့ရပြီပေါ့နော် mask တွေဘာတွေမတပ်တော့ဘူး။ negative ဖြစ်ခြင်းသည် ကိုယ်က ကိုယ်ခံအား ရှိနေတာမဟုတ်ဘူး။ စစ်တဲ့အချိန်မှာပဲ negative ဖြစ်သွားတာ အဲ့ဒါလေးက အရေးကြီးတယ်။ ငါ negative ဖြစ်သွားပြီဆိုပြီး mask မတပ်တာ ကာကွယ်ရေးနည်းလမ်းတွေ မကျင့်သုံးဘူးဆိုရင် မိနစ်ပိုင်းအတွင်း ချက်ခြင်း ကူးစက်သွားနိုင်တယ်။အဲ့ဒီဟာက အထူးသတိထားရမယ့် အချက်ဖြစ်ပါတယ်”ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။
နေ့စဉ်စစ်ဆေးပေးမည့် ပမာဏနှင့် လုပ်ဆောင်ရမည့် အသေးစိတ်အချက်အလက်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။
မြန်မြန်ဆန်ဆန်နှင့် ရောဂါပိုးရှိမရှိ မှန်မှန်ကန်ကန်စမ်းသပ်နိုင်မည့် Antigen test kit များကို ကိုရီးယားနိုင်ငံမှ မြန်မာအစိုးရက ဝယ်ယူခဲ့ပြီး ကိုရီးယားအစိုးရကလည်း ဒေါ်လာ ၅သိန်းဖိုး လှူဒါန်းပေးမည်ဖြစ်ကြောင်းနှင့် ရခိုင်နှင့် မြို့နယ်ဆေးရုံများ၌ အဓိကထား စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က စကတင်ဘာ ၂၆ရက်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။